နတ်မောက် ဇူလိုင် ၁၈
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)မှ အထက်တန်းပြ ဆရာမ ဒေါ်လှိုင်လှိုင်ဦးက အာဇာနည်ဆိုသည်မှာ သင့်မသင့်ကို ကောင်းစွာသိ၍ ရဲဝင့်စွာဆောင်ရွက်နိုင်သူ၊ အများအကျိုးအတွက် အသက်စွန့်ပြီးကြိုးပမ်းဆောင်ရွက်နိုင်တဲ့သူ၊ ကိုယ်ကျိုးမဖက် တိုင်းပြည်အကျိုးအတွက် ဆောင်ရွက်နိုင်တဲ့သူကို အာဇာနည်ဟုမှတ်ယူနိုင်ကြောင်း၊ ဗိုလ်ချုပ်နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိမိတို့နိုင်ငံလွတ်လပ်ရေးရရန်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ရန် စည်းလုံးညီညွတ် ရန်ကြိုးပမ်းဆောင်ရွက်ခဲ့ပုံများအကြောင်း၊ မြန်မာ့လွတ်လပ်ရေးရရှိရန် အသက်စွန့်ကြိုး ပမ်းဆောင်ရွက်ခဲ့ကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်း သိကောင်းစရာများကို ဟောပြောဆွေးနွေးပြီး ကျောင်းသား/သူများနှင့်အတူ အာဇာနည်ခေါင်းဆောင်ကြီးများအတွက် ဂုဏ်ပြုတေးသီချင်းအား သံပြိုင်ရွတ်ဆိုခဲ့သည်။ ထို့နောက် ဆုပေးအခမ်းအနားကို ကျင်းပရာ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံး၊ ပန်းချီပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်တို့မှ ဆုရရှိသည့် ကျောင်းသား/သူ(၁၅)တို့အား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိနှင့် ဌာနဆိုင်ရာအကြီးအကဲများက အသီးသီးဆုများ ချီးမြှင့်ပေးခဲ့သည်။
လှဝင်း