ငဖဲမြို့နယ် ရုံးပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆောင်ရွက်

ငဖဲ ဇူလိုင် ၁၈

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး ကျောင်းသား၊ ကျောင်းသူများနှင့် ပူးပေါင်း၍ ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က မောင်ဇေယျာရေးသားသည့် မြန်မာလူကျော် ၁၀၀ စာအုပ်ကို စာဖတ်ဝိုင်းဆက်လက်ကျင်းပဆောင်ရွက်သည်။

စာဖတ်ဝိုင်းတွင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက စာအုပ်စာပေများ လေ့လာဖတ်ရှုပြီး ပြန်လည်ဆွေးနွေးပြောကြားသည့် အလေ့အထဖြစ်ပေါ်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ဆွေးနွေးပြောကြားပြီး ဒုတိယဦးစီးမှူး ဦးသက်နောင်ထွန်း (တွဲဘက်)က စာရေးဆရာ မောင်ဇေယျာရေးသားသည့် မြန်မာလူကျော် ၁၀၀ စာအုပ်တွင် ၂၀ ရာစု မြန်မာနိုင်ငံ၏ အမျိုးသားလွတ်မြောက်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ စာပေ၊ ယဉ်ကျေးမှုအနုပညာအစရှိသော နယ်ပယ်အသီးသီးမှ ထင်ရှားသည့် ပုဂ္ဂိုလ်ကျော် ၁၀၀ တို့၏ အတ္ထုပ္ပတ္တိ အကြောင်းအရာများပါဝင်ကြောင်း မိတ်ဆက်ပြောကြားသည်။

ထို့နောက် တက်ရောက်လာသော Grade-10 ကျောင်းသား မောင်အောင်နိုင်ဦးက  ပင်လုံဗိသုကာတစ်ဦး ဦးတင်ဧ(ရှမ်းပြည်)နှင့် Grade- 10 ကျောင်းသူ မသီရိအောင်က  အမျိုးသားပညာဝန်ဦးဖိုးကျား အကြောင်းအရာများကို ထုတ်နှုတ်ဖတ်ကြားဆွေးနွေး၍ ကျန်ရှိသည့် ကျောင်းသား ကျောင်းသူများက ကရင်အမျိုးသားခေါင်းဆောင် ဒေါက်တာစံစီဖိုးနှင့် ပတ်သက်သည့် သိကောင်းစရာများကို ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)