ပြည်ကြီးမဏ္ဍိုင် ဇူလိုင် ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ အခြေခံပညာအလယ်တန်းကျောင်းတွင် စွန့်ပစ်ပစ္စည်းများ စနစ်တကျခွဲခြားစွန့်ပစ်ရန် အသိပညာပေး ဟောပြောခြင်းနှင့်သရုပ်ပြသခြင်းကို ယနေ့မွန်းလွဲ ၁ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစီးစွာ အခြေခံပညာအလယ်တန်းကျောင်း(ပြည်ကြီးမဏ္ဍိုင်)မှ ဒု-မူပြ ဆရာမဒေါ်မို့မို့ဇင်က ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုကာကွယ်ပြီး သယံဇာတအရင်းအမြစ်များကို ထိထိရောက်ရောက်အသုံးချနိုင်ရန်၊ အန္တရာယ်ကင်းသောစွန့်ပစ်မှုဖြစ်စေရန်၊ စွန့်ပစ်ပစ္စည်းများမှ ပြန်လည်အသုံးပြုနိုင်သော အရာများကိုခွဲထုတ်ခြင်း၊ သဘာဝအရင်း အမြစ်များကို ထိထိရောက်ရောက်အသုံးချနိုင်ခြင်း၊ စွန့်ပစ်ပမာဏ လျှော့ချနိုင်ခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ကျန်းမာရေးအန္တရာယ်ကို လျှော့ချခြင်း၊ အမှိုက်စိုများမှ သဘာဝမြေဆွေးပြုလုပ်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး စွန့်ပစ်အမှိုက်ခွဲခြားစွန့်ပစ်မှုကို သရုပ်ပြစွန့်ပစ်ခဲ့ကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)