မင်းလှ ဇူလိုင် ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့၌ စာဖတ်ရှိန်မြှင်တင်ရေးနှင့် လူငယ်များမျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေး၊ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၁၆ ရက်နေ့က အ.မ.က(လွန်)ဇေယျဝတီကျောင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါ လူငယ်ရေးရာဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်စန္ဒာအောင်က အမှာစကားပြောကြားပြီး၊ ဒုတိယဦးစီးမှူးဒေါ်ဇင်မာဝင်းက ကျောင်းသား၊ ကျောင်းသူများအား အတွေးအခေါ်မှန်ကန်စေရေး၊ အသိပညာ၊ အတတ်ပညာဖြင့် ပြည့်စုံသောလူငယ်များဖြစ်ပေါ်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယခုလိုလူငယ်ရေးရာအသိပညာပေးဟောပြောပွဲများပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ယနေ့လူငယ်များသည် တိုးတက်လာသောခေတ်ရေစီးကြောင်းနှင့်အညီ အင်တာနက်သုံးစွဲမှုများပြားသည့်အလျောက် အကောင်းအဆိုးခွဲခြားတတ်စေရန်၊ အယုံမလွယ်မိစေရန်၊ အင်တာနက်မှတစ်ဆင့် ဗဟုသုတများရရှိနိုင်သည့်နည်းလမ်းများ၊ စာအုပ်စာပေများသည် မည်မျှပင်ဟောင်းနွမ်းစေကာမူ ပညာဗဟုသုတများစွာရရှိနိုင်သည့်အတွက် လေ့လာဖတ်ရှုကြရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးကို ဆွေးနွေးဟောပြာခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား/သူများ စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ ကြောင်းသိရသည်။
ပေါက်စ(မင်းလှ)