သရက်မြို့၌ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

သရက် ဇူလိုင် ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် (၁၀)နာရီက အနောက်ရပ်မြောက်ပိုင်း အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ကျောင်းကျန်းမာရေးသီတင်းပတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် သားဖွားဆရာမမဉ္ဇူအောင်နှင့် သားဖွားဆရာမ ဒေါ်ဇင်မွန်သက်တို့က ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ စာသင်ကြားနိုင်ရေးအတွက် တစ်ကိုယ်ရေသန့်ရှင်းရေး လက်ဆေးခြင်း၊ သွားနှင့် ခံတွင်းကျန်းမာရေး၊ နည်းစနစ်မှန်သွားတိုက်ခြင်း၊ သန့်ရှင်းသော ယင်လုံအိမ်သာသုံးစွဲရန်နှင့် မိုးတွင်းကာလ ကလေးငယ်များတွင်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးနည်းလမ်းများအကြောင်းကို ဟောပြောပေးခဲ့သည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေးစစ်ဆေးခြင်းများ ဆောင်ရွက်ကာ တစ်ဦးချင်း ကျောင်းကျန်းမာရေးမှတ်တမ်းကတ်များ ရေးသွင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)