ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး လျှပ်စစ်ဆိုလာတပ်ဆင်ခြင်းသင်တန်းနှင့် ကြက်ခြေနီ ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲတက်ရောက်

ဘားအံ ဇူလိုင် ၁၈

ကရင်ပြည်နယ်အစိုးရအဖွဲ့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီမှကြီးမှူး၍ ပြည်နယ်အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးကျောင်း၏ ကြီးကြပ်မှုဖြင့် အရိယာရာမဘုရား လုံကျောင်းတိုက်တွင်ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်ဆိုလာတပ်ဆင်ခြင်းသင်တန်းဆင်းပွဲကို ဇူလိုင်လ ၁၈ ရက်နေ့နံနက် ၈ နာရီက အဆိုပါကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းမှသင်ယူရရှိခဲ့သည့် အသိပညာ၊ အတတ်ပညာနှင့်ကျွမ်းကျင်မှုများကိုအသုံးချပြီး မိမိတတ်ကျွမ်းသွားသည့် ပညာရပ်များနှင့်မိမိရပ်ရွာအကျိုး၊ မိမိဒေသအကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားပြီး ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက သင်တန်းများ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်ဖွင့်လှစ်ခဲ့သောသင်တန်းများမှ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းထူးချွန် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ရာ သင်တန်းဆင်း သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းဆင်းသင်တန်းသားများ ကိုယ်တိုင်ဆောင်ရွက်ထားသော လျှပ်စစ်ဆိုလာသွယ်တန်းတပ်ဆင်မှုများအား လိုက်လံကြည့်ရှု အားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်၍ ကရင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ဘားအံတက္ကသိုလ် ကြက်ခြေနီ အသင်းခွဲတို့ ကြီးမှူးဖွင့်လှစ်သည့် ကြက်ခြေနီရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း (၁/၂၀၂၅) သင်တန်းဆင်းပွဲကို ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ နံနက် ၁၀ နာရီက ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ဘားအံတက္ကသိုလ်ကြက်ခြေနီမောင်မယ်များအနေဖြင့် မွန်မြတ်လှသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအဖြစ် နေ့စဉ်နှင့်အမျှဖြစ်ပွားလျက်ရှိသောထိခိုက်ဒဏ်ရာရရှိမှုများ၊ သဘာဝဘေးအန္တရာယ်များနှင့်ကပ်ဘေးများတွင် လူသားတို့၏အသက်ပေါင်း များစွာထိခိုက်ဒဏ်ရာရရှိမှုများကို မိမိတို့ကိုယ်ကျိုးကိုစွန့်ပြီး စွမ်းစွမ်း တမံကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကရင်ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားပြီး ဘားအံတက္ကသိုလ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌက သင်တန်းဆင်းအစီရင်ခံစာကို ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းထူးချွန်ဆုရရှိသူ(၅)ဦးအား ငွေကျပ် တစ်ဆယ်သိန်းငါးသောင်း တန်ဖိုးရှိကြက်ခြေနီဝတ်စုံနှင့်ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ကရင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ဘားအံတက္ကသိုလ်ကြက်ခြေနီ အသင်းခွဲတို့မှ တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ၊ သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်များ၊ ရှေးဦးပြုစုခြင်းနှင့်ပတ်သက်သည့်အထောက်အကူပြုပစ္စည်းများကို ပေးအပ်ချီးမြှင့်ခဲ့ကြကာ ဘားအံတက္ကသိုလ်ကြက်ခြေနီအသင်းခွဲ  အသင်းဝင်ကျောင်းသား၊ ကျောင်းသူများက အများအတွက်ကြက်ခြေနီ၊ ကရုဏာရှင်သီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကြီးကြပ်မှုကော်မတီနှင့်အသင်းခွဲတို့မှ တာဝန်ရှိသူများ၊ အသင်းဝင် ကျောင်းသား၊ကျောင်းသူများက စုပေါင်းမှတ်တမ်း ဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အသင်းဝင်ကျောင်းသား၊ ကျောင်းသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)