ပန်းတနော် ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကို ယနေ့နံနက် ၁၀နာရီအချိန်က အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း မြတ်ပညာခန်းမတွင်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးကိုကိုမောင်က အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ဗလငါးတန်နှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်ကိုယူကြမည့် လူငယ်များ အလုပ်အကိုင်၊ အတွေးအခေါ်၊ အယူအဆများမှန်ကန်စေရန် စသည်ဖြင့် လူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းအမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးဝင်းကြိုင်ကစာဖတ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇေဇေအောင်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သော ဆောင်ရန်ရှောင်ရန်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းဆက်လက်ကျင်းပခဲ့ရာ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကိုကိုမောင်က စေ့စပ်ညှိနှိုင်းသူအဖြစ်ဆောင်ရွက်ပြီး အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ မောင်စွမ်းပြည့်စုံ (Grade-11)၊ မောင်မျိုးသူ(Grade-11)၊ မထက်အိန္ဒြေလှိုင်(Grade-11)၊ မပြည့်ပြည့်ဦး (Grade-11)တို့က “လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ လူငယ်နှင့်ကိုယ်ကျင့်တရား၊ လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ စေ့စပ်ညှိနှိုင်းသူအဖြစ်ဆောင်ရွက်သော ဦးစီးအရာရှိနှင့် ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။ အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲအပြီးတွင် ခင်းကျင်း ပြသထားသည့် သုတရသစာအုပ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)