ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်း (၁) ကျောင်း ထပ်မံ ယာယီပိတ်ထားရ

ပွင့်ဖြူ ဇူလိုင် ၁၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယနေ့နံနက်ပိုင်းက ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်း (၁)ကျောင်း ထပ်မံ၍ ယာယီပိတ်ထားခဲ့ရကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရသည့် စာသင်ကျောင်းမှာ ငါးခြောက်ကျွန်း ကျေးရွာအခြေခံပညာအထက်တန်းကျောင်းဖြစ်ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ရေဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မြစ်ရေပြန်လည်ကျဆင်းသည်အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်းနှင့် မြစ်ရေကျဆင်းချိန်တွင် ပြန်လည်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရသည့် အခြေခံပညာစာသင်ကျောင်းများအနေဖြင့် ဇူလိုင်လ (၁၄)ရက်နေ့မှ ယနေ့အထိ အခြေခံပညာစာသင်ကျောင်း (၅)ကျောင်းရှိပြီဖြစ်ကာ အဆိုပါ စာသင်ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ စာသင်ချိန် သင်ခန်းစာနောက်မကျစေရေး ကျောင်းပြန်လည်ဖွင့်ချိန်တွင် စာသင်ရက်များကို အစားထိုး၍ စနစ်တကျ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)