ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဝါတွင်းကာလ ဥပုသ်သီလဆောက်တည်ခြင်း မင်္ဂလာအခမ်းအနားသို့တက်ရောက်

ပုသိမ် ဇူလိုင် ၁၈

ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ ပုသိမ်မြို့ပေါ်ရှိ ဆရာတော်အရှင်သူမြတ်များအား ပင့်ဖိတ်ကာ ဝါတွင်းကာလ ဥပုသ်သီလဆောက်တည်ခြင်း၊ ပရိတ်တရားတော်နာယူခြင်းနှင့် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အစရှိသည့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနား များကို နှစ်စဉ်ဝါတွင်းကာလရောက်ရှိတိုင်း အစဉ်အလာမပျက်ကျင်းပခဲ့ရာ ၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့် ကျော် (၈) ရက်၊ ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ကျင်းပသည့် ဝါတွင်းကာလ ဥပုသ်သီလဆောက်တည်ခြင်း မင်္ဂလာအခမ်း အနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်၍ ဥပုသ်သီလခံယူဆောက်တည်ခဲ့ကြကြောင်း သိရသည်။

ဦးစွာဧည့်ပရိသတ်များက အခမ်းအနားကို “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာ ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်(အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက) ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ရှစ်ပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို ဆက်လက်နာယူကြည်ညိုကြသည်။

ထို့နောက် ဆရာတော်သံဃာတော် အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာ ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက) ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ယင်းနောက် အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဧည့်ပရိတ်သတ်များအား နေ့လယ်စာဖြင့် ကျွေးမွေး လှူဒါန်းခဲ့သည်။

ထို့နောက် ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအုပ်စုပွဲစဉ် ပဉ္စမနေ့ပွဲစဉ်အဖြစ်  ဧရာဝတီတိုင်း ဒေသကြီးကိုယ်စားပြုအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြုအသင်းတို့၏ ယှဉ်ပြိုင်ကစားရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင် ပရိသတ်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ဦးစွာ ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းနေရာယူခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အားကစားသမားများအား တစ်ဦးချင်းလိုက်လံနှုတ်ဆက်အားပေးခဲ့ကာ ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အမျိုးသားအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု အမျိုးသားဘောလုံးအသင်းတို့ ယှဉ်ပြိုင် ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲများအား ဘားအံ၊ တောင်ကြီး၊ ပုသိမ်၊ ပဲခူး၊ ရန်ကုန်မြို့များတွင် ဇုန်အလိုက် ကျင်းပလျက်ရှိပြီး ပုသိမ်ဇုန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်‌မြေနှင့် ရခိုင်ပြည်နယ် ကိုယ်စားပြုအသင်းများ ယှဉ်ပြိုင်ကစားလျက်ရှိကာ ဇူလိုင်လ(၁၈)ရက်နေ့တွင် နေပြည်တော် ကောင်စီနယ်မြေကိုယ်စားပြုအသင်းနှင့် ရခိုင်ပြည်နယ်ကိုယ်စားပြုအသင်းတို့  ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ကြောင်း သိရှိရသည်။

လှမင်းထွဋ်