ငါးသိုင်းချောင်း ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန (CommunityCentre) ခန်းမတွင် ယမန်နေ့မွန်းလွဲ (၁း၀၀) နာရီအချိန်က စာပေချစ်သူများ အသင်း (Book Club) နှင့် လူငယ်အသင်း(Youth Club)၊အမျိုးသမီးအသင်း (Women Club) တို့ ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာရဲနိုင်ရေးသားသည့် လူဆိုတဲ့လူစာအုပ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်ခင်မာလာအောင်က လူငယ်များ စာဖတ်သည့်အလေ့အကျင့်များရရှိစေရန်၊ စာပေမှတစ်ဆင့်အသိပညာဗဟုသုတများ ရရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်စာပေချစ်သူများအသင်း (Book Club) နာယက အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးသောင်းစိန်က လူဆိုတဲ့လူ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေချစ်သူများအသင်း( Book Club) အဖွဲ့ဝင် ဦးမြင့်ဆွေက ကျန်းမာရေးသုခ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူငယ်အသင်း( Youth Club) အဖွဲ့ဝင် ဦးသက်မောင်က အသိပညာခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက မိမိတို့သိရှိလိုသည့် စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်းဖြင့် လူငယ်၊ လူရွယ်များ စာဖတ်သည့် အလေ့အကျင့်ရှိလာစေရန်၊ စာပေမှရရှိသည့် အသိပညာဖြင့် သူတစ်ပါးအားမျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)