ကျေးလက်နေပြည်သူများအတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးရွာချင်းဆက် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်

မြိတ်  ဇူလိုင်   ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်ရှိ သမုတ်ကျေးရွာအုပ်စုနှင့် သစ်ယာဝကျေးရွာအုပ်စုတို့ကို ဆက်သွယ်ထားသည့် မော်စုန်း-သစ်ယာဝ ကျေးရွာချင်းဆက်လမ်းအား ဒေသခံပြည်သူများ လမ်းပန်းဆက်သယ်မှုလုံခြုံချောမွေ့စေရန်အတွက် မူလကျောက်ချောလမ်းမှ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ  ဆောင်ရွက်လျက်ရှိသည်။

အဆိုပါလမ်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ်(၄၄၃.၂၅) သန်းဖြင့် မော်စုန်း-သစ်ယာဝ (၂/၇)မိုင်ရှိသည့်အနက် မူလကျောက်လမ်းပျက်စီးနေသော (၁)မိုင် (၁)ဖာလုံခန့် လမ်း အပိုင်းအား (၃)လက်မအောက် ခွဲကျောက်ဖြင့် အကျယ်(၁၄)ပေ၊ (၆)လက်မထု ခင်းကြိတ်ခြင်းနှင့် (၂)လက်မ အောက်ခွဲကျောက်ဖြင့် အကျယ်(၁၂)ပေ၊ (၃)လက်မထု ခင်းကြိတ်ပြီး ရေပိတ်လွှာ နှစ်ထပ်လောင်း၍ ကတ္တရာခင်းခြင်းလုပ်ငန်းကို  ဆောင်ရွက်လျက်ရှိ သည်။

မော်စုန်း-သစ်ယာဝလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းကို ဇွန်လမှစတင်၍ ဆေင်ရွက်နေမှုအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြိတ်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ မြို့နယ် တာဝန်ခံအင်ဂျင်နီယာနှင့်  တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက် ပြီးစီးပါက သစ်ယာဝ၊ ကန်ပြင်၊ ပန္နာတောင်၊ မော်စုန်း၊ ဗဂျီရှောင်နှင့် သမုတ်ကျေးရွာရှိ ဒေသခံပြည်သူများ ယခင်ကထက် ရာသီမရွေး လွယ်ကူချောမွေ့အဆင်ပြေစွာသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )