ငဖဲ ဇူလိုင် ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်ဘုတ်တွင် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်သည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်ကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြသဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပညာပေးနံရံကပ်စာစောင်တွင် အာဇာနည်အဓိပ္ပါယ်ကို သာမန်ထက် လက်ရုံးရည်၊ နှလုံးရည်ထူးကဲသာလွန်၍ အများအကျိုးအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်သူဟု ဖော်ပြထားပြီး (၇၈)နှစ်မြောက် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ တိုင်းပြည်အတွက် ဆုံးရှုံးမှုကြုံရသောနေ့ (ဆောင်းပါး)၊ အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦး၏ အတ္ထုပ္ပတ္တိနှင့် ဓာတ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း၏မိန့်ခွန်းကောက်နုတ်ချက်များ၊ အာဇာနည်နေ့ဆိုင်ရာ သရုပ်ဖော်ရုပ်ပြများ၊ ကဗျာများနှင့် မှတ်တမ်းဓာတ်ပုံများကို ပြသထားရှိရာ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းနေအရွယ်ကလေးများနှင့် ဒေသခံပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ နေ့ထူးနေ့မြတ်ဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို နံရံကပ်စာစောင်ပြုလုပ်ပြီး လစဉ်ပုံမှန် ပြသဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)