ထားဝယ် ဇူလိုင် ၁၈
ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရေးတို့ကို ရည်ရွယ်၍ ယနေ့နံနက် ၇ နာရီခွဲက တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့ ရွှေဝယ်သီရီအားကစားကွင်းဝင်းအတွင်း၌ ၂၀၂၅-ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုး ပွဲတော်အား ကျင်းပခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက တက်ရောက်လာသူများအား သစ်ပင်ပျိုးပင်များပေးအပ်သည်။
ထို့နောက်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက ခရေပျိုးပင်အား စတင်စိုက်ပျိုးပေးပြီး တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အားကစားသမားများက သက်မှတ်ထားသောနေရာများတွင် ပျိုးပင်အမျိုးအစား (၅)မျိုး စုစုပေါင်း ပျိုးပင်(၂၀၀)ပင်အား တပျော်တပါး စုပေါင်းစိုက်ပျိုးကြပြီး တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက သစ်ပင်ပျိုးပင်စိုက်ပျိုးပေးနေမှုအား လှည့်လည်ကြည့်ရှုအားပေးသည်။
သက်ရှိလောကတည်မြဲဖို့၊ သစ်ပင်စိုက်ပျိုး ထိန်းသိမ်းစို့၊ ဇီဝမျိုးစုံကြွယ်ဝဖို့ သဘာဝတောတွေ ထိန်းသိမ်းစို့၊ သစ်တောသစ်ပင်ကျေးဇူးရှင် ထိန်းသိမ်းကြစို့ ထာဝစဉ်၊ရှင်အောင်စိုက် ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်းစသည့်ဆောင်ပုဒ်နှင့်အညီ အားကစားကွင်းဝင်းအတွင်း၌ ခရေ၊ မဟော်ဂနီ၊ ပျဉ်းကတိုး၊ သင်္ကန်း၊ မန်ဂျန်ရှားစသည့် စုစုပေါင်းသစ်ပင် ပျိုးပင်(၂၀၀)ပင်အား စိုက်ပျိုးပေးကြသည်။
ထားဝယ်ခရိုင်အတွင်းရှိသစ်တောဦးစီးဌာန ပျိုးဥယျာဉ်များတွင် မိုးရာသီ လူထုဖြန့် ပျိုးပင်များအား ဌာနဆိုင်ရာများ၊ တပ်ရင်း တပ်ဖွဲ့များ၊ တက္ကသိုလ်၊ သင်တန်းကျောင်းများနှင့် ဒေသခံပြည်သူများသို့ အခမဲ့ဖြန့်ဝေပေးလျက်ရှိပါကြောင်းနှင့် ပျိုးပင်များရယူစိုက်ပျိုးလိုပါက ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာနသို့ ဆက်သွယ်ပြီး ပျိုးပင်များ ထုတ်ယူနိုင်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)