ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ငှက်ပျော ၅၂ ဧက သိမ်းဆည်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ငှက်ပျော ၁၄၂၉ ခိုင် ထွက်ရှိ

ပွင့်ဖြူ ဇူလိုင်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ငှက်ပျော ၅၂ ဧက ခုတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ငှက်ပျော ၁၄၂၉ ခိုင် ထွက်ရှိကြောင်း  ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ ငှက်ပျော ၁၀၂၀ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အဆိုပါ ငှက်ပျောစိုက်ခင်းများကို တောင်သူများက ဇူလိုင်လ ပထမပတ်မှ စတင်ခုတ်သိမ်းခဲ့ရာ ယနေ့တွင် ငှက်ပျော ၅၂ ဧကထိ ခုတ်သိမ်းပြီးစီးပြီ ဖြစ်ပြီး တစ်ဧကလျှင် ငှက်ပျော ၁၄၂၉ ခိုင် ထွက်ရှိခဲ့ကြောင်း သိရသည်။

"ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှာ ငှက်ပျော ၁၀၂၀ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ သတ်မှတ်လျာထား ဧကကို ပြည့်မီအောင် စိုက်ပျိုးနိုင်ခဲ့ပြီးတော့ လက်ရှိမှာ ဆောလျင်စွာစိုက်ပျိုးခဲ့တဲ့ ငှက်ပျောစိုက်ခင်းတွေကို ပြန်လည်သိမ်းဆည်းနေကြပါတယ်။ ဒီနေ့အထိ ငှက်ပျော ၅၂ ဧက ခုတ်သိမ်းပြီးစီးပြီဖြစ်ပါတယ်။ ငှက်ပျောစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီးတော့ စိုက်ဧကတွေ တိုးချဲ့စိုက်ပျိုးကြဖို့၊ GAP နည်းစနစ်နဲ့ စိုက်ပျိုးကြဖို့၊ အထွက်နှုန်းကောင်းမွန်ဖို့နဲ့ ပိုးမွှားရောဂါမကျရောက်စေဖို့  စိုက်ပျိုးရေးအသိပညာပေးတာတွေဆောင်ရွက်ပေးပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ငှက်ပျောစိုက်ပျိုးတောင်သူများအနေဖြင့် မြေတစ်ဧကလျှင် ငှက်ပျောပင် ၁၀၀၀ ခန့်ထိ စိုက်ပျိုးကြပြီး တစ်ဧကလျှင် စိုက်ပျိုးစရိတ် ငွေကျပ် သိန်း ၂၀ ဝန်းကျင်ခန့် ကုန်ကျမှုရှိကာ အသီးသီးချိန်တွင် တစ်ဧကလျှင် ငွေကျပ် သိန်း ၅၀ ခန့်ထိရရှိကြကြောင်း ယခုနှစ်တွင် ငှက်ပျောဈေးကွက် ကောင်းမွန်နေသဖြင့် တိုးချဲ့စိုက်ပျိုးလုပ်ကိုင်သူ များကြောင်းလည်း သိရသည်။

ငှက်ပျောကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းစားသုံးမှုကို ဖူလုံစေရုံမျှမကပိုလျှံမှုကိုပါရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာလူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည်ဖြစ်သောကြောင့် ငှက်ပျောကိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေးကြိုးပမ်းသင့်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)