ပွင့်ဖြူ ဇူလိုင် ၁၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံရာသီကစိုက်ပျိုးထားသော နှမ်းဧကအားလုံး ရာနှုန်းပြည့်ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံစိုက်ပျိုးရာသီက နှမ်း ၅၇၆၁၆ ဧကစိုက်ပျိုးနိုင်ခဲ့ပြီး အဆိုပါနှမ်းစိုက်ခင်းများကိုယခုနှစ် ဇွန်လတတိယပတ်မှ စတင်ရိတ်သိမ်းခဲ့ရာ ယနေ့တွင် ရာနှုန်းပြည့်ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် နှမ်း ၉ ဒသမ ၅၂ တင်း ထွက်ရရှိကြောင်း သိရသည်။
“ဒီနှစ် နွေသီးနှံစိုက်ပျိုးရာသီက ပွင့်ဖြူမြို့နယ်မှာ နှမ်း ၅၇၆၁၆ ဧကထိ စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အဲဒီ စိုက်ပျိုးထားတဲ့ နှမ်းစိုက်ခင်းတွေကို အခုလက်ရှိမှာ ဧကအားလုံးရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီ ဖြစ်ပါတယ်။ နွေနှမ်းစိုက်ပျိုးတာနဲ့ပတ်သက်ပြီး တိုးချဲ့စိုက်ပျိုးနိုင်ဖို့၊ အထွက်နှုန်းကောင်းမွန်သောမျိုးတွေ စိုက်ပျိုးကြဖို့၊ GAP နည်းစနစ်များနဲ့စိုက်ပျိုးနိုင်ဖို့အတွက်ကိုလဲ နည်းပညာပေးတာတွေ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပါတယ်”ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေနှမ်းစိုက်ပျိုးသည့်တောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နှမ်းတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ GAP နည်းစနစ်များဖြင့် စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းကောင်းသော နှမ်းမျိုးများ စိုက်ပျိုးနိုင်ရေးအတွက် အသိပညာပေးခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နှမ်းကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းဆီစားသုံးမှုကို ဖူလုံစေရုံမျှမက ပိုလျှံမှုကိုရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာလူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် နှမ်းကိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ )