ပခုက္ကူ ဇူလိုင် ၁၈
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှုူးကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ပခုက္ကူမြို့နယ်ပညာရေးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က ကျောင်းသားလူငယ်များအား စာဖတ်သည့်အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်နှင့် မိမိဖတ်ရှုလေ့လာထားသည့် အသိပညာ၊ အတတ်ပညာများအား ပြန်လည်မျှဝေတတ်စေရန်ရည်ရွယ်၍ မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက အမြဲမပြတ်လေ့လာသင်ယူရေးစကားဝိုင်း(Never Stop Learning Talk Show)တွင် ဆွေးနွေးရမည့်အချက်အလက်များ၊ ကျောင်းများအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် လေ့လာထားရမည့် စာအုပ်စာပေများအကြောင်းတို့ကို ရှင်းလင်းပြောကြား သည်။
ဆက်လက်၍ ပခုက္ကူမြို့နယ်ပညာရေးမှူး ဒေါ်ခင်တိုးဝင်းနှင့် အခြေခံပညာအထက်တန်းကျောင်း(၅)မှ တာဝန်ခံကျောင်းအုပ်ကြီးများက ပွဲတော်အတွင်း ဟောပြောပွဲ၊ ပြိုင်ပွဲ၊ ပြပွဲနှင့် စကားဝိုင်းများ အောင်မြင်စွာကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)