ဘိုကလေးမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် လူငယ်စကားဝိုင်းနှင့်ဟောပြောပွဲကျင်းပ

ဘိုကလေး ဇူလိုင် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ယမန်နေ့နေ့လယ်()နာရီက လူငယ်စကားဝိုင်းနှင့်ဟောပြောပွဲ ကျင်းပခဲ့ကြကြောင်း သိရသည်။

စကားဝိုင်းသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ Book Club အဖွဲ့ဝင်၊ စာရေးဆရာမ ကလောင်ရှင် အလင်းနတ်သမီး၊ ဘိုကလေးမြို့နယ် နယ်စပ် ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ/မ များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပြီး စကားဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်၊ စာရေးဆရာမ ကလောင်ရှင် အလင်းနတ်သမီးတို့က နယ်စပ်ဒေသတိုင်းရင်းသား သင်တန်းသား/သူ လူငယ်မောင်မယ်များနှင့် အတူလူငယ်နှင့်စာပေ၊ လူငယ်နှင့် ယဉ်ကျေးမှုူ၊ လူငယ်နှင့် ရည်မှန်းချက်ပန်းတိုင်၊ လူငယ်နှင့် အောင်မြင်မှုစသော ခေါင်းစဉ်များဖြင့် လူငယ်များအတွက် အကျိုးဖြစ်ထွန်းဖွယ်ရာ၊ လေ့လာ မှတ်သားစရာများအား မြိုင်မြိုင်ဆိုင်ဆိုင် ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးမှုများအပေါ် စကားဝိုင်း တက်ရောက်ကြသော သင်တန်းသား၊ ကျောင်းသူလူငယ်မောင်မယ်များက မေးမြန်းဆွေးနွေး ကြရာ သက်ဆိုင်ရာကဏ္ဍအလိုက် ဦးဆောင်ဆွေးနွေးများက ပြန်လည်ဖြေကြားဆွေးနွေး ခဲ့ကြသည်။

စကားဝိုင်းအပြီးတွင် အဆိုပါသင်တန်းကျောင်း၏ သင်တန်းသား၊ ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်နှင့် စာရေးဆရာမ ကလောင်ရှင် အလင်းနတ်သမီးတို့က လူငယ်များအတွက် အကျိုးဖြစ်ထွန်းဖွယ်ရာ၊ မှတ်သားအတူယူစရာများအား လမ်းညွှန်ကာ အသိပညာပေးဟောပြောခဲ့ပြီး သင်တန်းသား/သူ လူငယ်များအား ကဏ္ဍစုံအသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ ရသစုံ စာအုပ်စာပေများအား ချိတ်ဆွဲခင်းကျင်းပြသခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)