ကြံခင်း ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းများ ရေဝင်ရောက်လာမှုအား ယမန်နေ့နံနက် ၁၀ နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ ခစဖအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဇော်ဟိန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုကြသည်။
အဆိုပါအဖွဲ့သည် ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက် ရွှေသာလျောင်းဘုရားအနီး မြစ်ရေဝင်ရောက်မှု အားလည်းကောင်း၊ မြို့မရပ်ကွက်ရှိ နန်းဦးဆိပ်ကမ်းမှ အလယ်ကျွန်းကျေးရွာ ရေဝင်ရောက်နေမှုအား လည်းကောင်း၊ ရွှေကျွန်းတောကျေးရွာမှ ရေလယ်ကျွန်းကျေးရွာ မြစ်ရေဝင်ရောက်နေမှုအားလည်း ကောင်း၊ ကြံခင်း-ဆိပ်သာ ဘေလီတံတား ရေဝင်ရောက်မှုတို့အားကြည့်ရှုပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က ဧရာဝတီမြစ်ရေ စိုးရိမ်အမှတ်ထက် ရောက်ရှိလာပါက ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် အစီစဉ်များအား ကြိုတင်ပြင်ဆင်နိုင်ရေး၊ ယာယီစခန်းဖွင့်လှစ်မည့်နေရာများအား သတ်မှတ်ထားရန်၊ ရေဝင်ရောက်လာသည့် ကျေးရွာများမှ တိရစ္ဆာန် များအား ရွှေ့ပြောင်းရန် လိုအပ်ပါက ကူညီမှုများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စေလိုကြောင်း မှာကြားခဲ့သည်။
ကြံခင်းမြို့နယ်၊ ဆိပ်သာမြစ်ရေအမှတ်သည် စိုးရိမ်ရေအမှတ် (၄၀)ပေ (၁၂၀၀ စင်တီမီတာ) အထက် (၄၀.၃၆) ပေ၊ (၁၂၁၁ စင်တီမီတာ) အထိရောက်ရှိလာမှုကြောင့် မြေနိမ့်ပိုင်းကျေးရွာများတွင်သာ ရေဝင်ရောက်လျက်ရှိပြီး လူနှင့်တိရစ္ဆာန်များ ပြောင်းရွေ့ရန်မလိုအပ်သေးကြောင်း သိရ သည်။
ဖြိုးဝေလင်း (ပြန်/ဆက်)