ပခုက္ကူ ဇူလိုင် ၁၈
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးရေးဦးစီးဌာန၊ ပခုက္ကူမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန(ပခုက္ကူခရိုင်ရုံး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းလင်းက အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(ပခုက္ကူ)မှ ဒုတိယရဲအုပ်ဝင်းလှိုင်က လူကုန်ကူးမှုဖြစ်စဉ်များနှင့်လူကုန်ကူးမှုပုံစံများ၊ ပြည်ပနိုင်ငံများတွင် တရားမဝင်သွားရောက်လုပ်ကိုင်ရသည့် အလုပ်အကိုင်အမျိုးအစားများ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆောင်ရွက်ရမည့်နည်းလမ်းများ၊ အမှတ်(၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ပခုက္ကူ)မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ရဲထွန်းမြတ်က ယာဉ်မတော်တဆမှုဖြစ်ပွားရသည့်အကြောင်းရင်းများ၊ ယာဉ်စည်းလမ်း၊ လမ်းစည်းကမ်းဆိုင်ရာဥပဒေများ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး လိုက်နာဆောင်ရွက်ရမည့်အချက်များအကြောင်းတို့ကို အသိပညာပေးရှင်းလင်းဟောပြောကြသည်။
အဆိုပါဟောပြောပွဲတွင် ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးစန်းအောင်နှင့်ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်နှင့်ဆရာမများ၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၁၀) သင်တန်းသူများတက်ရောက်ကြပြီး ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာ ပေးလက်ကမ်းစာစောင်ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)