ကန်ကြီးထောင့် ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲအား ဇူလိုင်လ(၁၆)ရက်နေ့နံနက်က လေဗွေချောင်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးသိန်းဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက ကျောင်းသား၊ ကျောင်းသူများအား အာဇာနည်နေ့သည် နှစ်စဉ်ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော နိုင်ငံတော်၏ မေ့မရဖွယ် အထိမ်းအမှတ်နေ့ တစ်ရက်ပင်ဖြစ်ကြောင်း၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် နိုင်ငံရေးတွင် အလွန်အရေးပါသော ခေါင်းဆောင်ကြီး ၈ ဦး နှင့် ကိုယ်ရံတော်တစ်ဦး လုပ်ကြံခြင်းခံခဲ့ရပြီး ကျဆုံးသွားကြသည်ဖြစ်ရာ ထိုနေ့ကို အာဇာနည်နေ့ဟု သတ်မှတ်ကာ နှစ်စဉ် ကျင်းပခြင်းဖြစ်ကြောင်း အစရှိသည်များအား အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက ကျောင်းသား/ သူလေးများအား အာဇာနည်နေ့ အထိမ်းအမှတ်နှင့်ပတ်သက်သည့် နံရံကပ်စာစောင်များအား လိုက်လံရှင်းလင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လိုက်လံကြည့်ရှု မှတ်သားခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး