လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ ကာယ၊ ဉာဏ စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရေး ပြိုင်ပွဲများ ပြုလုပ်

လိပ်သို ဇူလိုင် ၁၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည် ဉာဏ်သွေးများ ပိုမိုထက်မြက်လာစေရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်အတွက် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ခြင်းဖြင့် ဗဟုသုတ ပြည့်စုံပြီး အသိဉာဏ်ပညာထက်မြက်လာမည်ဖြစ်ကြောင်း၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့အကျင့် ရှိစေရန်နှင့် ကာယ၊ ဉာဏ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ယခုလိုပြိုင်ပွဲများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ထိုင်ခုံလုပြိုင်ပွဲ၊ ပူပေါင်းဖောက်ပြိုင်ပွဲ၊ ဖားခုန်ပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲတို့ကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ (၃၀) ဦးက ပါဝင်ယှဉ်ပြိုင်ကစားကြပြီး မြို့ဦးစီးမှူးက ကျောင်းသား/ကျောင်းသူများအား အာဟာရမုန့်များပေးဝေခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ ကျောင်းသူများ ဗဟုသုတရရှိစေရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ်