ပေါင်းတည်၌ မိုးစပါး ဧကငါးသောင်း‌ခြောက်ထောင်ကျော် စိုက်ပျိုးပြီးစီး

ပေါင်းတည် ဇူလိုင် ၁၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယခု ဇူလိုင်လ ၁၅ ရက်အထိ မိုးစပါး ၅၆၃၉၂ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း၊ ယခု ၂၀၂၅ ခုနှစ် မိုးစပါးစိုက်ရာသီတွင် ၇၃၅၁၄ ဧကစိုက်ပျိုးနိုင်ရန် လျာထားသတ်မှတ်ခဲ့ပြီး လျာထားချက်ပြည့်မီကျော်လွန်ရေး ကြိုးပမ်းလျက်ရှိသည်။

အလားတူ ယခုမိုးရာသီအဓိကသီးနှံ ၁၀ မျိုးတွင် ပါ၀င်သည့် သီးနှံများမှ မိုးမြေပဲ ၇၇၄၃ ဧက၊ မိုးနှမ်း ၁၅၄၇၀ ဧက၊ ပဲတီစိမ်း ၆၅၄၈ ဧကနှင့် ပဲစဉ်းငုံ ၂၇၂၂ ဧကတို့ကို လျာထားချက်နှင့်အညီ စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးရန် ကျန်ရှိသော မိုးစပါးအပါအဝင် အခြားသီးနှံများကို ရေတော်မိုးတော်နှင့်အတူ အချိန်နှင့်တစ်ပြေးညီ စိုက်ပျိုးပြီးစီးနိုင်‌ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ခံကွင်းဝန်ထမ်းများနှင့် တောင်သူများ ပူးပေါင်းကာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွှေသား