ပွင့်ဖြူ ဇူလိုင် ၁၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော စပါး ၃၈၂၁ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ၁၀၇ ဒသမ ၂၉ တင်း ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ နွေသီးနှံစိုက်ပျိုးရာသီက စပါး ၁၂၁၄၂ ဧက စိုက်ပျိုးခဲ့ပြီး အဆိုပါနွေစပါးစိုက်ခင်းများကို ဒေသခံတောင်သူများက ယခုနှစ်ဇွန်လ ဒုတိယပတ်မှ စတင်ရိတ်သိမ်းခဲ့ရာ ယနေ့ထိ ၃၈၂၁ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ၁၀၇ ဒသမ ၂၉ တင်းထွက်ရှိကြောင်း သိရသည်။
“ပွင့်ဖြူမြို့နယ်မှာ နွေသီးနှံစိုက်ပျိုးရာသီက စပါး ၁၂၁၄၂ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အဲဒီ စိုက်ပျိုးထားတဲ့ စပါးခင်းတွေကို ဇွန်လဒုတိယပတ်လောက်က စတင်ရိတ်သိမ်းခဲ့ရာမှာ ဒီနေ့ထိ ၃၈၂၁ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ပါတယ်။ နွေစပါး ရိတ်သိမ်းခြွေလှေ့တာနဲ့ပတ်သက်ပြီး အထွက်နှုန်းတွေ လျော့နည်းမှုမဖြစ်အောင် အချိန်မီရိတ်သိမ်းကြဖို့နဲ့ ရိတ်သိမ်းပြီးစပါးတွေကို အရည်အသွေးကောင်းမွန်အောင် စနစ်တကျသိုလှောင်သိမ်းဆည်းကြဖို့ နည်းပညာပေးတာတွေ ဆောင်ရွက်ပေးပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံစိုက်ပျိုးရာသီက စပါးစိုက်ပျိုးတောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနက တစ်ဧကအထွက်နှုန်းတိုးတက်စေရေးနှင့် ပန်းတိုင်အထွက်နှုန်းများထွက်ရှိစေရေးအတွက် မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ တောင်သူပညာပေးဆွေးနွေးပွဲများနှင့် ကွင်းသရုပ်ပြပွဲများ ကျင်းပဆောင်ရွက်ပေးခြင်း စသည့် တောင်သူပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် သီးနှံစိုက်ပျိုးစွမ်းအားတိုးတက်မြင့်မားစေရန်နှင့် စားနပ်ရိက္ခာဖူလုံစေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများကို ရာသီအလိုက်စပါးနှင့် အခြားသီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မျိုးကောင်းမျိုးသန့်များ ကြိုတင်စုဆောင်းရေးဆိုင်ရာလုပ်ငန်းများ၊ သီးနှံပိုးမွှားရောဂါကြိုတင်ကာကွယ်ရေးနှင့် မြေဆီလွှာအာဟာရဓာတ်ဖြည့်တင်းရေးဆိုင်ရာ လုပ်ငန်းများကို ဌာနနှင့်ချိတ်ဆက်၍ ကြိုတင်ပြင်ဆင်နိုင်ရန် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တောင်သူများအနေဖြင့် စပါးကို အထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းစားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကိုရောင်းချနိုင်သဖြင့် ဝင်ငွေရရှိပြီး လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည်ဖြစ်သောကြောင့် စပါးကို နှစ်စဉ်တိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းကြရမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)