ကော့သောင်းမြို့တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများ ကျင်းပ

ကော့သောင်း ဇူလိုင် ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့ နံနက်ပိုင်းက မူလွန်ကြေးနန်းဝင်း‌ကျောင်း၊ မွန်းလွဲပိုင်းတွင် မူလွန်အေးရိပ်ငြိမ်ကျောင်းတို့တွင် ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက အာဇာနည်နေ့သည် မြန်မာတစ်မျိုးသားလုံး တန်ဖိုးထားသည့် နေ့ထူးနေ့မြတ်ကြီး ဖြစ်၍ ထို့နေ့ကို ကျောင်းသား/ ကျောင်းသူများအားလုံး သိရှိထားကြရန်လိုအပ်ကြောင်း၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းအကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းခဲ့မှုသမိုင်းအကြောင်း၊ အာဇာနည် (၉) ဦး၏ အတ္ထုပ္ပတ္တိများ၊  ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုများနှင့် အာဇာနည်နေ့ကို ဂုဏ်ပြုအလေးပြုခြင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့သည်။ ယင်းနောက် လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ မိန့်ခွန်းကောက်နုတ်ချက်များ၊ အာဇာနည်ခေါင်းဆောင်ကိုးဦး၏ အတ္ထုပ္ပတ္တိများ၊ ကဗျာ၊ ဆောင်းပါးများ စသည့် နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များ ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)