ဘားအံ ဇူလိုင် ၁၇
ကရင်ပြည်နယ်အတွင်း အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအတွက် ပြည်နယ်အဆင့်ကြီးကြပ်ရေးအဖွဲ့၊ နည်းပညာအထောက်အကူပြုအဖွဲ့နှင့် လုပ်ငန်းအဖွဲ့များအပါအဝင် အဖွဲ့(၁၃)ဖွဲ့ကို ဖွဲ့စည်းပေးထားပြီး လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များကိုလည်း ရေးဆွဲအတည် ပြုထားပြီးဖြစ်ကြောင်း ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည့် မဲပေးစက်(MEVM)ဆိုင်ရာ ပြည်နယ်အဆင့်ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)ရုံးအဆင့်ဆင့် တွင်ဝန်ထမ်းဖွဲ့စည်းပုံအရ မဲပေးစက်များသယ် ယူပို့ဆောင်ခြင်း၊ ဖြန့်ခွဲခြင်း၊ သိုလှောင်ထိန်းသိမ်းခြင်း၊ အသုံးပြုခြင်း၊ ပြန်လည်သိမ်းဆည်းခြင်း လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် ဝန်ထမ်းလုံလောက်မှုမရှိခြင်းကြောင့် ဌာနဆိုင်ရာများမှ ပူးပေါင်းကူညီဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ထိုသို့လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ရခြင်းဖြစ်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက လစ်ဟာမှုမရှိစေရေး စနစ်တကျဆောင်ရွက်သွားရန်၊ နည်းပညာပိုင်းဆိုင်ရာ ဆောင်ရွက်ရမည့်အဖွဲ့များကို ကြိုတင်သင်တန်းပေးနိုင်ရေးကြီးကြပ်ဆောင်ရွက်သွားရန်နှင့် ပြည်နယ်အတွင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို စနစ်တကျအောင်မြင် ပြီးမြောက်နိုင်ရေး မိမိတို့ကျရာတာဝန်အသီးသီးတွင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ ပြည်နယ်အဆင့်ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးညီညီဇော်က ပြည်နယ်အတွင်းအသုံးပြုမည့် မဲပေးစက် (MEVM)ရရှိမှုအပေါ်မူတည်ပြီး ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ မြို့နယ်များတွင် မဲပေးစက်များ ပို့ဆောင်ထားရှိမည့်အခြေအနေ၊ အသုံးမပြုမီ စစ်ဆေးဆောင်ရွက်ရမည့်အချက်များ၊ လျှပ်စစ်လိုအပ်မှုနှင့် ကြိုတင်ပြင်ဆင်စုဖွဲ့ရမည့်အခြေအနေများကို ရှင်းလင်းပြောကြားပြီး ကရင်ပြည်နယ်ရွေးကောက်ပွဲအရာရှိက မဲပေးစက်များနှင့်ပတ်သက်၍ ဖွဲ့စည်းထားသောအဖွဲ့များ၊ အသုံးပြုနည်းဆိုင်ရာ ဆရာဖြစ်နည်းပြသင်တန်းဖွင့်လှစ်ပြီးစီးမှု၊ ဆင့်ပွား သင်တန်းများဖွင့် လှစ်နေမှုအခြေအနေ၊ မဲပေးစက်များ ကနဦးရောက်ရှိစစ်ဆေးမှုအခြေအနေ၊ နည်းပညာ အထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းပြီးသင်တန်းဖွင့်လှစ်မည့်အခြေအနေ၊ မြို့နယ်များတွင် မဲပေးစက်များပို့ဆောင်ထားရှိမည့်အခြေအနေများကို ရှင်းလင်းတင်ပြကာ တက်ရောက်လာသော ပြည်နယ်အဆင့်ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် ခရိုင်/မြို့နယ်အဆင့် မဲပေးစက်ဆိုင်ရာလုပ်ငန်းအဖွဲ့ဖွဲ့စည်းမှု၊ မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြသင်တန်းနှင့် ဆင့်ပွားသင်တန်း များဖွင့်လှစ်ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေး နွေးတင်ပြကြရာ တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)