သဲကုန်းမြို့နယ် (Community Centre) ခန်းမ၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

သဲကုန်း ဇူလိုင် ၁၇

ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယ​မန်နေ့ နံနက် (၁၀) နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာ​ဌေးက ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အားလပ်သည့်အချိန်ကို တန်ဖိုးရှိစွာအသုံးပြုတတ်စေရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ သိရှိစေရန်၊ စာပေဖတ်ရှုလေ့လာပြီး အသိပညာများ တိုးပွားလာစေရန်၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်း၊ အာဇာနည်စိတ်ဓာတ်များကို အတုယူ၍ နိုင်ငံသားကောင်း၊ သမီးကောင်းရတနာများ ပေါ်ထွန်းရေး အသိပညာပေးဟော​ပြောခဲ့သည်။

အခြေခံပညာကျောင်း အထက်တန်းကျောင်း (သဲကုန်း) မှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက အာဇာနည်နေ့ အထိမ်းအမှတ်ပန်းချီပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြရာ ဆုရှိသော ကျောင်းသား/ ကျောင်းသူများအား တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ပြီး ကျောင်းသား/ကျောင်းသူများက အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိအကြောင်း၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ နံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)