မိုးညိုမြို့၌ ကျောင်းပြင်ပမူလတန်းပညာရေး (NFPE)ဖွင့်ပွဲအခမ်းအနား ကျင်းပ

မိုးညို ဇူလိုင် ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ သခင်လှရှိန်ရပ်ကွက်ရှိ အ.လ.က(ခြံကြီးစု)ကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖုန်းလွင်က အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်းဌေးက ကျောင်းပြင်ပမူလတန်းပညာရေး (NFPE)နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျောင်းသုံးဗလာစာအုပ်၊ ခဲတံနှင့် ဘောလ်ပင်များကို ကျောင်းပြင်ပမူလတန်းပညာ‌ရေး တက်ရောက်သည့် ကျောင်းသား/ကျောင်းသူများအား ပေးအပ်ခဲ့သည်။

အဆိုပါ ကျောင်းပြင်ပမူလတန်းပညာရေး သင်ကြားရာတွင် အငြိမ်းစားဆရာကြီး/ဆရာမကြီးများနှင့် တက္ကသိုလ်ပထမနှစ် အောင်မြင်ပြီးသောသူများက အသက် ၁၀ နှစ်မှ ၁၄ နှစ်အတွင်းရှိ ကလေးငယ်များအား ကျောင်းဖွင့်ရက် ညနေ ၃ နာရီမှ ၅ နာရီထိ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)