ဟားခါး ဇူလိုင် ၁၇
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ချင်းပြည်နယ်လူငယ်ရေးရာကော်မတီတို့မှ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျောင်းသား ၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က လူငယ်များ ကာယ၊ ဉာဏ ၊ စာရိတ္ထ ၊ မိတ္တ ၊ ဘောဂစသည့်ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အနာဂါတ်၏ ခေါင်းဆောင်နိုင်မည့် လူရည်ချွန်လူရည်မွန်များဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ လူငယ်ရေးရာအသိပညာ ပေးဟောပြောပွဲကျင်းပရခြင်းဖြစ်ကြောင်း၊ လူငယ်တစ်ယောက်သည် သူ့အသက်အရွယ်နှင့်သူ ပညာသင်ချိန်မှာ ပညာသင်မည်၊ အားလပ်ချိန်မှာ မိမိဝါသနာပါရာ လေ့လာလိုသော စာပေ၊ အားကစား၊ ဂီတအနုပညာ စသည်တို့ကို အမြဲလေ့လာနေရမည်ဖြစ်ကြောင်း၊ လူငယ်ဆိုတာ ပင်ကိုသဘာဝအရ နုပျိုလန်းဆန်းနေချိန်၊ လှပချောမောနေချိန်၊ သွက်လက်ထက်မြက်နေချိန်၊ အရာရာကို စူးစမ်းလိုစိတ်ရှိချိန်၊ ခွန်အားဗလအားအင်ပြည့်ဖြိုးနေချိန်ဖြစ်ပြီး အမြဲလိုလို ယှဉ်ပြိုင်လိုစိတ်ရှိပြီး အရာရာကို လုပ်ချင်စိတ်ရှိသည့်အရွယ်ဖြစ်ကြောင်း၊ လူငယ်အင်အားစွမ်းပကားဖြင့် နိုင်ငံ့ဂုဏ်ရောင် အလင်းဆောင်အံ့ဟူသည့် နိုင်ငံတော်၏ မျှော်မှန်းချက်နှင့် ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုသည့် စကားအတိုင်း လူငယ်မောင်မယ်များဟာ နောင်တစ်ချိန်မှာ နိုင်ငံတော်အတွက် အားထားရမည့် လူငယ်လူရွယ်များဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များအား မှာကြားလိုသည့်အချက်ကတော့ ယနေ့ဟောပြောမည့် လူငယ်နှင့်မူးယစ်ဆေးအန္တရာယ်၊ ဆေးရွက်ကြီးနှင့် E-Cigarette ( Vape ) အကြောင်းဖြစ်သည့်အတွက် လူငယ်မောင်မယ်များအနေဖြင့် ဟောပြောချက်များ ကို သေချာမှတ်သားပြီး မူယစ်ဆေးနှင့်ပတ်သက်ပြီး အကောင်း၊ အဆိုး၊ အကြောင်းအကျိုးများ ဝေခွဲတတ်ပြီး အနာဂါတ်အတွက် အားထားရမည့် ဆောင်ဆောင်ကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်ကျန်းမားရေးဦးစီးဌာနမှ ဦးစီးအရာရှိ−သူနာပြု ဒေါ်ခေါမွေငူးရီက “လူငယ်နှင့် မူးယစ်ဆေးအန္တရာယ်၊ ဆေးရွက်ကြီးနှင့် E-cigarette အကြောင်း ” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပြီး ပြည်နယ်ဝန်ကြီးချုပ်က ဦးစီးအရာရှိ−သူနာပြု ဒေါ်ခေါမွေငူးရီအား ဂုဏ်ပြုလက်ဆောင်ကိုလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်က ဟားခါးမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးအား အားကစားအထောက်အကူ ပစ္စည်းများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားတက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများအား အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)