ဟင်္သာတမြို့နယ်တွင် လူသုံးကုန်ဆပ်ပြာပြုလုပ်နည်း၊ ပန်းအလှပြင်နှင့် မုန့်လုပ်နည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဟင်္သာတ ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ဧရာ၀တီတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးနှင့် ဟင်္သာတမြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ ပူး‌ပေါင်းဖွင့်လှစ်သော အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေး ရပ်ရွာအခြေပြု လူသုံးကုန်ဆပ်ပြာပြုလုပ်နည်း၊ ပန်းအလှပြင်နှင့် မုန့်လုပ်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟင်္သာတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက “ယခုသင်တန်းကို ဧရာဝတီတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးနှင့် ဟင်္သာတမြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းကာ အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေး ရပ်ရွာအခြေပြု လူသုံးကုန် ဆပ်ပြာပြုလုပ်နည်း၊ ပန်းအလှပြင်နှင့် မုန့်လုပ်နည်းသင်တန်း ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသားများကလည်း စနစ်တကျ သေချာစွာ လိုက်နာသင်ယူစေလိုကြောင်း ယခုသင်တန်းဖွင့်လှစ်ရခြင်းမှာ မိမိတို့မိသားစုအတွင်း တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိလာစေရန်၊ မိမိကိုယ်ကိုယုံကြည်မှုမြင့်မားလာ‌စေရန်၊ လူမှုစီးပွားဘ၀မြင့်တက်လာ‌စေရန်၊ အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရန်တို့အတွက် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော ဧည့်သည်တော်များ၊ သင်တန်းသားများ၊ သင်တန်းနည်းပြ များက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ဟင်္သာတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်း၊ ဟင်္သာတခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာဝင်း၊ ဟင်္သာတမြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းတက်ရောက်မည့် သင်တန်းသူများ၊ စုစုပေါင်း(၄၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းအား သင်တန်းသူ (၂၅)ဦးဖြင့် ၁၆.၇.၂၀၂၅ ရက်မှ ၁၈.၇.၂၀၂၅ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)