လက်ပံတန်း ဇူလိုင် ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များဘက်စုံဖွံ့ဖြိုးရေး၊ ကျောင်းသား၊ ကျောင်းသူအချင်းချင်း အသိပညာဗဟုသုတမျှဝေဆွေးနွေးတတ်စေရန်အတွက် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီက အ.လ.က (ထန်းပင်ကုန်း)ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးရှီးရှိုထွန်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းက လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ခြင်းရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းနှင့် မြို့နယ်စာပေချစ်သူများအသင်းဥက္ကဋ္ဌ ဆရာမြင့်သိန်း(ရွှေတောင်-ချည်/ထည်/ချော)တို့က ဦးဆောင်ဆွေးနွေးသူများအဖြစ် ဆောင်ရွက်ကာ GRADE-8 မှ မောင်ကမ္ဘာထိုက်နှင့် မမေသူလင်းတို့က “လူငယ်နှင့်မူးယစ်ဆေး၀ါး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ GRADE-8 မှ မောင်ဟိန်းမင်းဇော်နှင့် မသက်ထားဦးတို့က“လူငယ်နှင့်စည်းကမ်း” ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်များအပေါ် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည့်အချက်များကို ပြန်လည်မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူနှင့် ကဏ္ဍအလိုက် ပါဝင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ကြပြီး ဆရာမ ဒေါ်အေးအေးခိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးရှီးရှိုထွန်းနှင့် ဆရာ/ဆရာမများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)