ချောက်မြို့တွင် ဧရာဝတီမြစ်ရေဝင်ရပ်ကွက်များသို့ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ချောက် ဇူလိုင် ၁၇

မကွေးတိုင်းဒေသကြီး၊‌  ချောက်ခရိုင်၊‌ ချောက်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေများ တဖြည်းဖြည်းမြင့် တက်လျက်ရှိရာ မြေနိမ့်ပိုင်းရပ်ကွက်များသို့ မြစ်ရေများ ဝင်ရောက်လျက်ရှိသည့်အတွက် ရေဘေးအသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် အသိပေးနှိုးဆော်ခြင်းများကို မြို့နယ်သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ဝင်များ ပူး‌ပေါင်း၍ ယမန်‌နေ့ ညနေ ၄ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်ဧရာဝတီမြစ်ရေများ မြင့်တက်ဝင်‌ရောက်နိုင်သော မြေနိမ့်ပိုင်းရပ်ကွက်များနှင့် မြစ်ကမ်းနားတစ်လျှောက်တွင် မြစ်ရေသတိပေးချက်နှင့် ပတ်သက်၍ ပြီးခဲ့သည့်ဇွန်လက သတိပေးနှိုးဆော်ခဲ့ပြီးဖြစ်သလို ယခုအချိန်တွင်လည်း ချောက်မြို့၏စိုးရိမ်ရေအမှတ်သည် (၁၄၅၀) စင်တီမီတာဖြစ်ပြီး၊ ယနေ့ဇူလိုင် ၁၇ရက်နေ့ နံနက် ၆ နာရီခွဲ အချိန် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၏ တိုင်းထွာချက်များအရ (၁၄၄၃) စင်တီမီတာသို့ ရောက်ရှိနေပြီဖြစ်သည်။ သို့ဖြစ်၍ မြို့နယ်မီးသတ်တပ်ဖွဲ့မှ ရေဝင်ရောက်သည့်နေအိမ်များအား ရွှေ့ပြောင်းနိုင်ရေး လိုက်လံသတိပေးခြင်း၊ အရေးပေါ်အကူအညီလိုအပ်ပါက မီးသတ်တပ်ဖွဲ့သို့ဆက်သွယ်တောင်းခံနိုင်ကြောင်း ပြောကြားခြင်းနှင့် မြစ်ကမ်းတစ်လျှောက် လိုက်လံကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူ‌ရေးရာဦးစီးဌာနတို့မှ မြစ်ရေဝင်ရပ်ကွက်‌နေပြည်သူများအားရေးဘေးအန္တရာယ်ဆောင်ရန်၊ ရှောင်ရန်အချက်များနှင့် ရေကြီးခြင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရမည့်အချက်များ ပါဝင်သည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချောက်မြို့ပေါ်တွင် လက်ရှိရေဝင်ရောက်နေသည့် ရပ်ကွက် (၄) ရပ်ကွက် (အမှတ် ၃၊ ၄၊ ၇၊ ၈) ရှိ အိမ်ထောင်စု (၆၅) စု၊ လူဦးရေ (၂၉၀) ဦးအား တစ်ဦးလျှင် ငွေကျပ် (၅၀၀၀) နှုန်းဖြင့် ဆန်ရိက္ခာထောက်ပံ့ငွေ စုစုပေါင်းငွေကျပ် (၁၄၅၀၀၀၀) (ကျပ်တစ်ဆယ့်လေးသိန်းငါးသောင်းတိတိ) ကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ပြီးဖြစ်ကြောင်းနှင့် ထပ်မံရေဝင်ရောက်လာနိုင်သည့်နေအိမ်များကိုလည်း မြို့နယ်သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)