ကန်ကြီးထောင့်မြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲကျင်းပ

ကန်ကြီးထောင့် ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် World Vision တို့ပူးပေါင်း၍ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)အခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲတွင် ကန်ကြီးထောင့်မြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ ကျောင်းသား/သူများက ပုံ‌ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဋိပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲ အစရှိသည့် ဉာဏစွမ်းရည်ပြိုင်ပွဲများအား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား ဇူလိုင်လ ၁၈ ရက်နေ့တွင် ဆုချီးမြင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးနှင့် ဒုဦးစီး ဒေါ်သီတာဝင်းတို့က ကျောင်းသား၊ ကျောင်းသူလေးများအား အာဇာနည်နေ့နှင့်ပတ်သက်သည့် နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များအား လိုက်လံရှင်းလင်းပြသခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လိုက်လံကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး