လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်း၌ အသိပညာပေးဟော‌ပြောပွဲ ပြုလုပ်

လှိုင်းဘွဲ ဇူလိုင် ၁၇

နယ်စပ်ရေးရာဝန်ကြီးဌာန၊ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်း (မြိုင်ကြီးငူ) အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း၊ အမှတ်စဉ် (၁၀) ၌ တက်ရောက်နေကြသည့် သင်တန်းသူများအား ယမန်နေ့နံနက် (၉) နာရီအချိန်က အသိပညာပေးဟောပြောပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ   ဦးစီးအရာရှိ     ဦးစောသော်တာလင်းသန့်က မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုတားဆီးကာကွယ်‌ရေးအဖြင့် ကျေးရွာများအတွင်း တောင်ယာမီးမရှို့စေရေး၊ ရိုးပြတ်များကို မီးမရှိုးစေရေး၊တောမီးမလောင်စေရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်‌ရေးနှင့် လူမှောင်ခို၊ လူကုန်ကူးမှုအန္တရာယ်များအကြောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ‌ဒေါ်အေးအေးရီက မိုးရာသီတွင်ဖြစ်ပေါ်တတ်သော လေပြင်းမုန်တိုင်းဘေး၊ ရေဘေး၊ မိုးကြိုးဘေးနှင့် မြေပြိုဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ခြင်း၊ ဖြစ်ပေါ်ချိန်၊ ဖြစ်ပြီးနောက်တွင်  ဆောင်ရွက်ရကြမည့်အချက်များ၊ ရှောင်ကျဉ်ကြရမည့်အချက်များအကြောင်းကို ဟောပြောခဲ့ပြီးနောက် သဘာဝဘေးအန္တရာယ်များဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ပေးဝေခဲ့သည်။

ဆက်လက်၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းရန်နောင်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် အိမ်တွင်းအကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးအကြောင်း၊ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ငွေက သင်တန်းသူများအနေဖြင့် သိထားကြရမည့် ဥပဒေများနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း၊မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်းဥက္ကဋ္ဌ ဦးဌေးဝင်းက Happy Water နှင့် Vape(e-Cigarette) များ၏ အန္တရာယ်၊ မူးယစ်ဆေးများ၏ ဆိုးကျိုးအန္တရာယ်များအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)