လှိုင်းဘွဲ ဇွန် ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ မိုးရာသီ၌ ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရေပူကျေးရွာအုပ်စု၊ ထီးလင်းဝင်းသာကျေးရွာ အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း ကျင်းပခဲ့ကြသည်။
အခမ်းအနားတွင် လှိုင်းဘွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က ၂၀၂၁ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ ကာလကို ကုလသမဂ္ဂပြန်လည် ထူထောင်ရေးဆယ်စုနှစ် (UN Decade of Ecosystem Restoration 2021-2030) ဟုသတ်မှတ်ထားပြီး ဂေဟစနစ်များ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအဖြစ် သစ်ပင်များစိုက်ပျိုးခြင်း၊ ဂေဟစနစ်ထိန်းသိမ်းခြင်းလုပ်ငန်းများကို တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ အပင်များ ပျိုးထောင်ပြီး အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်းနှင့် ပြည်သူများက သစ်တော၊ သစ်ပင်များ ဖြုန်းတီးမှုမရှိစေရန်၊ ဝိုင်းဝန်း၍ ထိန်းသိမ်းရှောက်ကြရန် လိုအပ်ကြောင်းအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ထီးလင်းဝင်းသာကျေးရွာ၊ အခြေခံပညာမူလတန်း ကျောင်းအုပ်ဆရာမကြီးထံ အမှတ်တရသစ်ပင်များ ပေးအပ်ခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော လှိုင်းဘွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရွာသူ၊ ရွာသားများက ကျွန်း၊ မဲဇလီ၊ ကုက္ကိုလ်၊ စိန်ပန်း၊ မအူစသည့် သစ်မျိုး(၅)မျိုး၊ အပင်စုစုပေါင်း(၈၅၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
လှိုင်းဘွဲမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် မိုးရာသီတွင် သစ်မျိုးအပင်စုစုပေါင်း(၅၀၀၀၀)ကိုစိုက်ပျိုးသွားကြမည်ဖြစ်ပြီး ဌာနဆိုင်ရာများ၊ တပ်ရင်း/တပ်ဖွဲ့များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ဒေသနေပြည်သူများအားရေ၊ မြေ၊ ရာသီဥတု၊ ဒေသနှင့်ကိုက်ညီသည့် သစ်မျိုးပျိုးပင်စုစုပေါင်း(၄၀၀၀၀)ကို အခမဲ့ ဖြန့်ဝေပေးခဲ့၍ စိုက်ပျိုးဆောင်ရွက်ပြီးဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနထံမှ သိရသည်။
စောဒိ(ပြန်/ဆက်)