ငလျင်ဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်မှုများနှင့် လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြခြင်းများ ကွင်းဆင်းဆောင်ရွက်

မုံရွာ ဇူလိုင် ၁၇

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုနှင့်အတူ မုံရွာမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇင်မိုအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်၊ အမှတ် (၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား ကျောင်းသူလေးများအား သဘာဝဘေးအန္တရာယ်အသိပညာ ပြန့်ပွားရေး အသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းများ၊ မီးဘေးအန္တရာယ်ကျရောက်လာပါက ဘေးအန္တရာယ်ကင်းစွာ မီးငြှိမ်းသတ်နိုင်ရေး လက်တွေ့မီးငြှိမ်းသတ်ခြင်းများ ကွင်းဆင်းသရုပ်ပြဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ မုံရွာမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇင်မိုအောင်က လူတို့မဆင်မခြင် အသုံးပြုလေ့ရှိတတ်သော ပေါ့ဆမီးကြောင့် မီးလောင်မှုမဖြစ်ပေါ်စေရေးနှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာရပါက ဆောင်ရွက်ရမည့်လုပ်ငန်းများကို ကျောင်းသား ကျောင်းသူလေးများအား အသိပညာပေး ဟောပြောဆွေနွေးသည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇင်မိုအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ်များမှ ငလျင်ဘေး၊ မီးဘေးနှင့်ကြုံတွေ့လာရပါက အသက်အန္တရာယ်မကြုံတွေ့ရအောင် လက်တွေ့ဆောင်ရွက်ရမည့် နည်းလမ်းများ၊ လက်တွေ့မီးငြိမ်းသတ်နည်းများကို ကျောင်းသားကျောင်းသူလေးများအား သရုပ်ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)