ကျုံပျော် ဇူလိုင် ၁၇
ကျောင်းသားလူငယ်များ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို မှတ်သားသိရှိနိုင်စေရန်အတွက် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအောင်ဆန်းခန်းမ၌ ဇူလိုင်လ ၁၆ ရက် မွန်းလွဲ ၁ နာရီခွဲက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ အထက်တန်းပြဆရာမ ဒေါ်ဝင်းမော်က အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မျိုးချစ်စိတ်နှင့်လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းအကျဉ်းချုပ်အား ဟောပြောခဲ့သည်။ ထို့နောက် ကျောင်းသား.(၃)ဦးနှင့် ကျောင်းသူ(၆)ဦးတို့က အာဇာနည်ခေါင်းဆောင်ကြီး (၉)ဦးတို့၏ အတ္ထုပ္ပတ္တိအား အသီးသီး ဖတ်ကြားခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲသို့ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နမ့်သီတာချိုစင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဆွေဆွေနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ အလယ်တန်းကျောင်းသား ကျောင်းသူ (၃၂၀)ဦးတို့ အသီးသီးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)