ဓနုဖြူ ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ၊ ဖန်တီးပေးနိုင်ရေး ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (အခြေခံ) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ဇူလိုင်လ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက ငါးဘက်အိုင်ကျေးရွာအုပ်စု၊ ငါးဘက်အိုင်ကျေးရွာ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး၊ မအူပင်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ခိုင်ဝင်းက စီမံကိန်းအကြောင်းအရာများအား ရှင်းလင်းတင်ပြကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ အဆိုပါသင်တန်းကို ဇူလိုင်လ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့၍ သင်တန်းသား၊ သင်တန်းသူ(၁၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းတွင် လက်ဆေးဆပ်ပြာရည်၊ ပန်းကန်ဆေးဆပ်ပြာရည်၊ အဝတ်လျှော်ဆပ်ပြာရည်၊ ရေချိုးဆပ်ပြာရည်၊ သဘာဝခေါင်းလျှော်ရည်၊ ဆပ်ပြာအမျိုးမျိုးနှင့် မျက်နှာသစ်ဆပ်ပြာခဲအမျိုးမျိုး ထုတ်လုပ်ပုံအဆင့်ဆင့်အား သင်ကြားပို့ချ ပေးခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်၊ အတွင်းရေးမှူး ရဲမှူးအောင်နိုင်ဝင်း၊ မအူပင်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ခိုင်ဝင်းနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ကျေးရွာနေပြည်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)