မင်းဘူးမြို့ မြောက်ရပ်အခြေခံပညာမူလတန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မင်းဘူး ဇူလိုင် ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာ‌ပေးဟောပြောပွဲကို  ယမန်နေ့ နံနက် (၁၀) နာရီက မင်းဘူးမြို့ အမှတ်(၃)ရပ်ကွက်၊ မြောက်ရပ် အခြေခံပညာမူလတန်းကျောင်းခန်းမ၌ ကျင်းပသည်။

အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးသန်းဦးက အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင်က ကျောင်းသား၊ ကျောင်းသူလေးများ အသိပညာဗဟုသုတများတိုးပွားစေရန် ၂၀၂၅ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့တွင်ကျရောက်မည့် (၇၈) နှစ်မြောက် အာဇာနည်နေ့အကြောင်းအရာများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဦးမြင့်ကြည်က အစားအသောက်များနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကိုလည်းကောင်း၊ ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ချိုချိုဝင်းက ကျောင်းသားလူငယ်လေးများ ဗလငါးတန်နှင့်ပြည့်စုံအောင်၊ အသိပညာ၊ အတတ်ပညာများကို ငယ်စဥ်အခါမှစတင်ကာ လေ့လာဆည်းပူးရန်အတွက် စာပေများဖတ်ရှုကြရမှာဖြစ်ကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင်ဗဟုသုတရရှိစေသည့် သုတရသစာအုပ်များ၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ဆောင်းပါးအစရှိသည့် စာအုပ်/စာစောင်များကို အခမဲ့လာရောက်ပြီး ငှားရမ်းဖတ်ရှုနိုင်ကြောင်း ပြောကြားခဲ့ကြသည်။

ယင်းနောက် လူငယ်၊ လူရွယ်လေးများအသိပညာဗဟုသုတရရှိစေမည့် (၇၈)နှစ်မြောက် အာဇာနည်နေ့နှင့်ပတ်သက်သည့် အသိပညာပေး ဗီနိုင်းပိုစတာအား ဒုတိယဦးစီးမှူး ဒေါ်ချိုချိုဝင်းက ရှင်းလင်းပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)