ကော့သောင်း ဇူလိုင် ၁၇
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးသက်နိုင်သည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှခရိုင်ဦးစီးမှူး၊ ဆေးရုံအုပ်နှင့် ခရိုင်နှင့်မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ ပြည်သူ့ဆေးရုံကြီးရှိ သက်ဆိုင်ရာဌာနစိတ်အသီးသီးမှ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံပွဲကို ယမန်နေ့နံနက် (၁၀) နာရီက ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက်ရှိ ကော့သောင်းမြို့ ပြည်သူ့ဆေးရုံ၊ အစည်းအဝေးခန်းမ၌ ဆောင်ရွက်သည်။
အဆိုပါ တွေ့ဆုံပွဲတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဆေးရုံအုပ်ဒေါက်တာ လင်းထိုက်က ကုတင် (၁၀၀)ဆံ့ ပြည်သူ့ဆေးရုံလုပ်ငန်းဆောင်ရွက်မှုများ၊ ကော့သောင်းမြို့ ပြည်သူ့ဆေးရုံ သမိုင်းအကျဉ်းနှင့်အခြေခံအချက်အလက်များ၊ ဝန်ထမ်းအင်အားဖွဲ့စည်းထားရှိမှုနှင့် ဆေးကုသရေးနှင့် ရောဂါရှာဖွေရေးလုပ်ငန်းများဆောင်ရွက်မှုအခြေအနေများ၊ ဆေးရုံစီမံခန့်ခွဲမှုများအတွက် ကော်မတီအဖွဲ့ဖွဲ့စည်းထားရှိမှုများ၊ ဆေးကုသမှု အရည်အသွေးမြင့်မားရေးနှင့် ဝန်ဆောင်မှုတိုးတက်စေရေး ဆောင်ရွက်ထားရှိမှုများ၊ လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် သီးခြားဆောင်ရွက်ထားသည့် အစီအစဉ်များနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များ၊ အခက်အခဲနှင့်လုပ်ငန်းလိုအပ်ချက်များအား ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးသက်နိုင်က ပြည်သူအားလုံး သက်တမ်းစေ့အသက်ရှည်စွာ နေထိုင်ပြီး ရောဂါဘယများ ကင်းရှင်းစေရန်အတွက် မိမိတို့သင်ယူထားသည့် ပညာစွမ်းအား အတွေ့အကြုံများ ကိုအခြေခံ၍ လူနာများအပေါ်ကိုယ်ချင်းစာတရားထားရှိပြီး မေတ္တာစေတနာအပြည့်အဝဖြင့် အရည်အသွေးပြည့်မီသော စောင့်ရှောက်မှုများ ထိထိရောက်ရောက်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံကောင်းမွန်ရေးတို့ဆောင်ရွက်ရန်လိုကြောင်း၊ ကျေးရွာအုပ်စုများတွင် လက်ထောက်ကျန်းမာရေးမှူးများ၊ သူနာပြုများနှင့်သားဖွားဆရာမ (Midwite) များခန့်ထားရေး၊ ဝေးလံခေါင်ဖျားသော မြို့နယ်များတွင် မြို့နယ်အဆင့်ဆရာဝန်များခန့်ထားခြင်းနှင့် ထိုမှတဆင့် တိုက်နယ်ဆရာဝန်များ ခန့်ထားရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပြည်သူများ စိုက်ထုတ်ကုန်ကျသော ဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရန်နှင့် ရောဂါများကို စောစီးစွာသိရှိပြီး လိုအပ်သော ဆေးဝါးကုသမှုများကို အချိန်မီရရှိခြင်းဖြင့် သက်ရှည်ကျန်းမာစွာနေနိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ ကိုယ်ခန္ဓာကျန်းမာမှ ပညာသင်ကြားနိုင်၊ အလုပ်လုပ်နိုင်မည်ဖြစ်ကာ ကျန်းမာရေးဌာနဝန်ထမ်းများအနေဖြင့် ကိုယ်ကျင့်တရား ကောင်းမွန်စွာဖြင့် မိမိကိုယ်ကို ကျန်းမာအောင်နေထိုင်ပြီး အများပြည်သူ သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေး ဆောင်ရွက်ကြရန်နှင့် လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးတွင် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်းကို လမ်းညွှန်မှာကြားကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)