ကော့သောင်း ဇူလိုင် ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ကော့သောင်းတပ်နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ရှင်းလင်းပြသခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့မွန်းလွဲပိုင်းက ကော့သောင်းတပ်နယ်ရှိ ဘုရင့်နောင်ခန်းမ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်သည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်၊ လူမှုရေးရာဝန်ကြီးဦးသက်နိုင်နှင့် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်သည် လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တစ်ရပ်အောင်မြင်စွာ ကျင်းပနိုင်ရေးဖြစ်ကြောင်း၊ လာမည့်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံရွေးကောက်ပွဲသမိုင်းတွင် အီလက်ထရောနစ်စက်ကို အသုံးပြု၍ ကျင်းပမည့် ပထမဆုံးရွေးကောက်ပွဲဖြစ်ကြောင်း၊ မဲပေးစက်သည် မြန်မာနိုင်ငံ၌ ထုတ်လုပ်ထားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပြည်တွင်းမှကျွမ်းကျင် နည်းပညာရှင်များ ပူးပေါင်း၍ မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် မြန်မာအီလက်ထရောနစ် ဒီဇိုင်းပုံစံကို တီထွင်ထားသော မဲပေးစက်ဖြစ်ကြောင်း၊ လာမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ မဲပေးခြင်းဖြင့် ပယ်မဲဖြစ်ပေါ်မှုမရှိခြင်း မဲရေတွက်ခြင်းအတွက် အချိန်ကြန့်ကြာမှုများ၊ ကိန်းဂဏန်းလွဲမှားမှုများကို ကျော်လွှားပြီး အချိန်တိုအတွင်း တိကျမှန်ကန်သည့် မဲရလဒ်များ ထုတ်ပြန် ဆောင်ရွက်နိုင်မည်ဖြစ်၍ အငြင်းပွားဖွယ်ဖြစ်ရပ်များ၊ မဲမသမာမှုများလည်း မရှိနိုင်တော့ဘဲ ပိုမိုပွင့်လင်းမြင်သာသည့် တရားမျှတပြီးသိက္ခာရှိသည့်ရွေးကောက်ပွဲတစ်ရပ် ဖြစ်လာမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ နည်းလမ်းကျန မှန်ကန်သည့် အထွေထွေရွေးကောက်ပွဲပုံစံ ဖြစ်စေရေးနှင့် ရွေးကောက်ပွဲလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ပြောကြားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ချုပ်ဦးညီညီလွင်က MEVM စက်အသုံးပြုရခြင်းနှင့် စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသည့် စစ်ဗျူဟာအဖွဲ့အခြေချ (ကော့သောင်း) မှ စစ်ဗျူဟာမှူးနှင့် အရာရှိ၊စစ်သည်၊မိသားစုဝင်များက အီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခဲ့ကြပြီး ရွေးကောက်ပွဲနေ့တွင် ဆောင်ရွက်ရမည့် အစီအစဉ်များအတိုင်း မဲရုံဖွင့်လှစ်ခြင်း၊ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်း၊ မဲရေတွက်ခြင်းများကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)