ငဖဲမြို့နယ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျောင်းသား/သူများအား ကျန်းမာရေးစစ်ဆေးပေး

ငဖဲ ဇူလိုင် ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအဖြစ် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ငဖဲမြို့ ကျောင်းတွင်းရပ်ကွက် ကုန်းမြင့်ရတနာဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကျောင်းကျန်းမာရေးဆောင်ရွက်ရာတွင် ငဖဲမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမ ဒေါ်စုသက်ခိုင်က ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေး၊ လက်ဆေးခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး၊ သွားနှင့်ခံတွင်းကျန်းမာရေးအတွက် နည်းစနစ်မှန်ကန်စွာသွားတိုက်နည်း၊ ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ကူးစက်ရောဂါများအကြောင်းသိကောင်းစရာများကို ကျောင်းသား/ကျောင်းသူအား အသိပညာပေးပြောကြားသည်။

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမ ဒေါ်စုသက်ခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား အရပ်တိုင်းတာခြင်း၊ ကိုယ်အလေးချိန်တိုင်းတာခြင်း၊ အမြင်အာရုံကောင်းမွန်မှု ရှိ၊ မရှိ၊ သွားနှင့်ခံတွင်းကျန်းမာရေးစစ်ဆေးပေးခြင်းကို ငဖဲမြို့ ကုန်းမြင့်ရတနာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ရှင်သာမဏေ ၂ ပါး၊ သီလရှင် ၁၄ ပါးနှင့် ကျောင်းသား/ကျောင်းသူ ၄၄ ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ ၆၀ ဦးအား ဆောင်ရွက်ပေးပြီး လိုအပ်သောဆေးဝါးများ အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)