စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် အခြေခံငါးမွေးမြူရေးနှင့်ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်းသင်တန်း ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP) သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

မုံရွာ ဇူလိုင် ၁၇

အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်းသင်တန်း ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ တစ်ပိုင်တစ်နိုင်ငါးသားဖောက် စခန်းတွင်ကျင်းပရာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်း ငါးမွေးမြူရေး ကန်(၇၈၁၉.၁၂)ဧက မွေးမြူထားရှိပြီး ရွှေဘိုခရိုင်တွင် အများဆုံးမွေးမြူကာ ၄င်းငါးမွေးမြူရေး ကန်များမှ ငါးရိက္ခာဖူလုံစေရေးအတွက် ထုတ်လုပ်မှုသည် ပြည်တွင်းစားသုံးမှု ဖူလုံရုံသာမက ပြည်ပသို့လည်း မြန်မာနိုင်ငံမှ ရေထွက်ပို့ကုန်အဖြစ် ကမ္ဘာ့နိုင်ငံအသီးသီးသို့ နှစ်စဉ်တင်ပို့ ရောင်းချလျက်ရှိပါကြောင်း၊ ငါးမွေးတောင်သူများလိုအပ်သည့် ငါးသားပေါက်များအား ကိုယ်တိုင်သားဖောက်ထုတ်လုပ်နိုင်ရန်နှင့် ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေမည့် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်များ ပေါ်ထွန်းလာစေရန်အတွက်ယခုလိုသင်တန်းအား ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်းနှင့် တစ်ဘက် တစ်လမ်းမှလည်း မြစ်ချောင်းအင်းအိုင်များအတွင်းရှိ လုပ်သားပြည်သူများ ငါးစားသုံးမှုပေါကြွယ်ဝစေရန် ငါးမျိုးစိုက်ထည့်ခြင်းများအား တာဝန်ရှိသူအားလုံးမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မိုးသူဇာအောင်က အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်း သင်တန်းကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP)သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားပြီး သင်တန်းသူတစ်ဦးက မိတ်ဆက်စကားပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အဆိုပါငါးသားဖောက်စခန်းအတွင်း ခင်းကျင်း ပြသထားသည့် သင်တန်းတွင်အသုံးပြုသွားမည့် ဆေးဝါးပစ္စည်းများ၊ ငါးအဟာရအစာများနှင့် ငါးမြစ်ခြင်းငါးများအား ဟော်မုန်းဆေးထိုးကာ သားဖောက်ခြင်းနှင့် သန္ဓေအောင်ဥများ မွေးမြူထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး ပြည်သူများငါးစားသုံးမှု ဖူလုံစေရန်အတွက် မွေးမြူထားရှိသည့် ငါးများရှင်သန်ကြီးထွားစေရန်နှင့် ဈေးကွက်အတွင်း ဈေးနှုန်းချိုသာစွာ ရောင်းချသွားရေးတို့အား တာဝန်ရှိသူများအား မှာကြားကာ လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ အခြေခံငါးမွေးမြူရေးနှင့်ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်း သင်တန်းကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP) သင်တန်းအား ဇူလိုင်လ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပြီး သင် တန်းသား/သင်တန်းသူ ၃၂ ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)