မင်းဘူး ဇူလိုင် ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ယမန်နေ့ ညနေပိုင်းအချိန်ထိ ဧရာဝတီမြစ်ရေဝင်ရောက်မှုများကြောင့် ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများသို့ အိမ်ထောင်စုပေါင်း ၁၂၀ ကျော်ကို ကြိုတင်ပြောင်းရွှေ့ပေးထားပြီး စာသင်ကျောင်းပေါင်း ၆ ကျောင်း ယာယီပိတ်ထားရကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ထံမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ယခုရက်ပိုင်း ဧရာဝတီမြစ်ရေ သိသိသာသာတိုးမြင့်ဝင်ရောက်မှုကြောင့် မန်းကျိုးကျေးရွာအုပ်စု၊ ထုံးမကြီးကျေးရွာမှ အိမ်ထောင်စုပေါင်း (၁၂၁)စု၊ လူဦးရေပေါင်း (၃၂၁)ဦးနှင့် ကျွဲ၊ နွားတိရိစ္ဆာန်များကို ရေဘေးလွတ်ရာ သံကန်တန်း (၇)၊ ကျောက်ကုန်း၊ အောက်ကျောင်း စသည့် ကုန်းမြင့်နေရာဒေသများ၌ ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်၍ ပြောင်းရွှေ့နေရာချထားပေးလျက်ရှိကြောင်း၊ ထို့အပြင် ထုံးမကြီး အ.မ.က၊ နိဗ္ဗာန်ကျွန်း အ.လ.က၊ သနပ်ပင်စု အ.ထ.က(ခွဲ)၊ ငွေသောင် အ.လ.က(ခွဲ)၊ ရွာသစ်ကုန်း အ.မ.ကနှင့် ပေါက်ငူ အ.ထ.က(ခွဲ)တို့မှ စာသင်ကျောင်းပေါင်း (၆)ကျောင်းကို ယာယီပိတ်ထားရပြီး မြစ်ရေပြန်ကျချိန်၌ အဆိုပါကျောင်းများရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာကို ပြန်လည်သင်ကြားနိုင်ရန်အတွက် အစားထိုးရက်နှင့် စာသင်ချိန်များ သတ်မှတ်သင်ကြားနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်က ပြောကြားခဲ့သည်။
မင်းဘူး(စကု)မြို့နယ်၌ ဧရာတီမြစ် စိုးရိမ်ရေအမှတ်သည် ၁၇၀၀ စင်တီမီတာဖြစ်ပြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူးဦးစီးဌာန၏ ဇူလိုင်လ ၁၆ ရက်၊ ညနေ ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် မင်းဘူးမြို့တွင် ၁၅၆၉ စင်တီမီတာသို့ ရောက်ရှိနေပြီဖြစ်ကာ စိုးရိမ်ရေအမှတ်ကိုရောက်ရှိရန် ၁၃၁ စင်တီမီတာသာလိုတော့ကြောင်း၊ ယခုလက်ရှိ မြစ်ရေဝင်ရောက်မှုများသည် မြေနိမ့်ပိုင်းဒေသများဖြစ်၍ နှစ်စဉ်နှစ်တိုင်း ဧရာဝတီမြေရေဝင်ရောက်လေ့ရှိသည့် ဒေသများဖြစ်ကြောင်း၊ အဆိုပါ ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်အိမ်ထောင်စုများ၏ ပြောင်းရွှေ့စာရင်းများကို နေ့စဥ်ကောက်ယူ၍ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုးငွေများ ပေးအပ်လျက်ရှိကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)