ပခုက္ကူ ဇူလိုင် ၁၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းပြီး ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ပခုက္ကူပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သန်းက အဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က ဟောပြောပွဲကျင်းပရခြင်းရည်ရွယ်ချက်များနှင့် သတင်းမီဒီယာနှင့်သတင်းအချက်အလက်သိနားလည်မှုအကြောင်း ရှင်းလင်းဟောပြောသည်။
ဆက်လက်၍ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက “အောင်မြင်ရေး နည်းလမ်းများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး စာရေးဆရာမ အသွင်ဆန်း(ပခုက္ကူ)က “နှလုံးသားကို ပါးပါးပုတ်ကြသူများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ သုခဆွေ(ပညာရေး)က “ကိုယ်ကကောင်းမှ သူတော်ကောင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ အောင်ဝင်း(မျိုးချစ်သူ-ရေစကြိုသား)က “နှလုံးသားကို တည့်တည့်ပစ်ပါ”ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောကြသည်။
ဟောပြောပွဲတွင် ပခုက္ကူပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ ဆရာမများ၊ သင်တန်းသား/သင်တန်းသူများတက်ရောက်ကြပြီး မြို့နယ်စာရေးဆရာအသင်းမှ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်/စာစောင်များပေးအပ်လှူဒါန်းခြင်း၊ ၂၀၂၅ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်း၊ သုတ၊ ရသဆိုင်ရာ စာအုပ်စာစောင်ခင်းကျင်းပြသခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)