ကန်ကြီးထောင့် ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲအား ဇူလိုင် လ (၁၅) ရက်နေ့နံနက်က မဂူကျွန်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက ကျောင်းသား/သူများအား အာဇာနည်နေ့သည် နှစ်စဉ်ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်သော နိုင်ငံတော်၏ မေ့မရဖွယ်အထိမ်းအမှတ်နေ့ တစ်ရက်ပင်ဖြစ်ကြောင်း၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် နိုင်ငံရေးတွင် အလွန်အရေးပါသော ခေါင်းဆောင်ကြီး ၈ ဦးနှင့် ကိုယ်ရံတော်တစ်ဦး လုပ်ကြံခြင်းခံခဲ့ရပြီး ကျဆုံးသွားကြသည်ဖြစ်ရာ ထိုနေ့ကိုအာဇာနည်နေ့ဟုသတ်မှတ်ကာ နှစ်စဉ် ကျင်းပခြင်းဖြစ်ကြောင်း အစရှိသည်များအား အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ အ.လ.က(မဂူကျွန်း)ရှိ Grade-9 ကျောင်းသား မောင်သူရခန့်က ကျောင်းသား/ သူများကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက ကျောင်းသား၊ ကျောင်းသူလေးများအား အာဇာနည်နေ့ အထိမ်းအမှတ်နှင့်ပတ်သက်သည့် နံရံကပ်စာစောင်များအား လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး