သဲကုန်းမြို့နယ်၌ ကလေးသူငယ်အလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

သဲကုန်း ဇူလိုင် ၁၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ ကလေးသူငယ်အလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်​​နေ့နံနက်ပိုင်းက ဆင်တဲကုန်းရွာ၊ အမကရွာသစ်ကုန်းကျောင်းတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက ဟောပြောပွဲကျင်းပရခြင်းရည်ရွယ်ချက်နှင့် ကလေးသူငယ်အလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ်၊ ကလေးအလုပ်သမားအဓိပ္ပာယ်၊ ကလေးအလုပ်သမားများအား အဆိုးဝါးပုံစံဖြင့်ခိုင်းစေခြင်း၊ အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာမူများ စသည့်ကလေးအလုပ်သမားများ၏ အသက်အရွယ်အကြောင်းအရာများအား ကျောင်းသား/ ကျောင်းသူများ၏ မိဘများအား သိရှိလိုက်နာသင့်သည့်အချက်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးသူငယ်အလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များပြသထားရာ ကျောင်းသား/ ကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)