ကသာ ဇူလိုင် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီ ခွဲအချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာက (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် "အာဇာနည်အဓိပ္ပာယ်နှင့်အာဇာနည်ကြီးများ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမော်က " အဆိုးရွာဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမား ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး" အကြောင်းအရာများကို ဟောပြောခဲ့ပြီး မေးခွန်းမေးမြန်းခြင်းများပြုလုပ်ခဲ့ရာ အကောင်းဆုံးဖြေကြားနိုင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား ဆုလက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးခဲ့သည်။
ဆက်လက်ပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မာအောင်က "သဘာဝဘေးအန္တရာယ်ဆိုင်ရာ" ခေါင်းစဉ်ဖြင့်ဟောပြော ပြီးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဟိန်းကိုဦးက "စွန့်ပစ်အမှိုက်အမျိုးအစားများကို စနစ်တကျခွဲခြားစွန့်ပစ်စေရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အသီးသီးဟောပြောခဲ့ကြပြီး သိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများက အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ကြေကြာင်းနှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအေးလွင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် ကသာမြို့နယ်တွင် လူငယ်လူရွယ်များအနေဖြင့် အသိပညာပေးဟောပြောပွဲများမှ ရရှိသည့် အသိပညာဗဟုသုတများကို မိမိပတ်ဝန်းကျင်အတွက် ကောင်းကျိုးရှိစွာ ကြံဆအသုံးပြုတတ်စေရန် လိုအပ်ပါကြောင်း၊ ယခုလိုအသိပညာပေးဟောပြောပွဲများကိုလည်း ဌာနဆိုင်ရာများနှင့်ပူးပေါင်းကာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
ကျော်စွာထွန်း (ကသာ)