မြောင်းမြ ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် ပြပွဲများကို ယနေ့နံနက် (၉) နာရီအချိန်က စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း၊ မြကျွန်းရွှေဝါခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းအုပ်ဆရာမကြီးဒေါ်အေးအေးမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြောင်းမြခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က အာဇာနည်နေ့အကြောင်းအားလည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဦးစီးအရာရှိ ဒေါ်စိုးစိုးနှင်းကအမှိုက် (၄) မျိုးခွဲခြားစွန့်ပစ်ခြင်းနှင့် ပတ်သက်၍လည်းကောင်း အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက အမှိုက် (၄) မျိုးခွဲခြားစွန့်ပစ်ခြင်း သရုပ်ပြဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စိုက်ပျိုးရေးနှင့်မွေးသိပ္ပံကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇေယျာ (မြောင်းမြ)