ကလေး ဇူလိုင် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများအနက် အခြေခံလူသုံးကုန်ထုတ်လုပ်မှ နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းမြေ့အောင်စည်ရပ်ကွက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလေးခရိုင် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဟန်ထွန်းအောင်က အမှာစကားပြောကြားခဲ့ပြီး ကလေးခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထိုက်တန်က သင်တန်းဖွင့်လှစ်ခြင်း၏ ရည်ရွယ်ချက်များနှင့် ဆက်လက်ဖွင့်လှစ်သွားမည့် သင်တန်းများပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ကလေးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက သင်တန်းသူများအား ထုတ်ကုန်ပစ္စည်းများ ပေးအပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ ကလေးခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)