ကန်ကြီးထောင့်မြို့နယ်၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်

ကန်ကြီးထောင့် ဇူလိုင် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှကြီးမှူး၍ ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်မှုများအား ယနေ့ နံနက်ပိုင်းက ဆပ်ကွင်းကျေးရွာအုပ်စု၊ ဆပ်ကွင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ဦးစွာအခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးအုန်းသန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုးက ငလျင်မလှုပ်မီကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ ငလျင်ဘေး အန္တရာယ်နှင့်ကြုံတွေ့ရပါက လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ငလျင်လှုပ်နေစဥ်ဆောင်ရွက်ရမည့်အချက်များ၊ ငလျင်လှုပ်ပြီးနောက်ပိုင်း ဆောင်ရွက်ရမည့်အချက်များအကြောင်း သိကောင်းစရာများနှင့် ငလျင်ဘေးအန္တရာယ်ကြုံတွေ့ရပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်နှင့်တပြေးညီ သတင်း‌ပေးပို့ကြရန် စသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ လက်ထောက်မီးသတ်ဦးစီးမှူး ဦးနိုင်သက်လင်းက ငလျင်ဘေးအန္တရာယ်ဖြစ်ပွားလာပါက အရေးပေါ်လိုအပ်မည့်ပစ္စည်းများ ကြိုတင်ပြင်ဆင်ရမည့်အပိုင်နှင့် ငလျင်လှုပ်ခတ်နေစဥ်ဆောင်ရွက်ရမည့်နည်းလမ်းများ စသည့်အကြောင်းအရာများနှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူနှင့် မီးသတ်တပ်ဖွဲ့ဝင်များက အ.ထ.က (ဆပ်ကွင်း) စာသင် ကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်သူများအား ငလျင်အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ငလျင်ဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ် ခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)